ကျောင်းကုန်းမြို့နယ် ကညင်ကုန်းရွာ ပရဟိတအလှူ မှတ်တမ်းတင်ဓာတ်ပုံများ

Tuesday, September 2, 2014

"ဂါရဝတရား မပျောက်ကွယ်စေနဲ့"

ဂင်္ဂါဝါဠုသဲစုမကပွင့်တော်မူပြီးကြကုန်သော ရှေးရှေးသော မြတ်စွာဘုရားရှင်တို့မှစ၍ ဂေါတမမြတ်စွာဘုရား တိုင်အောင်သော ဘုရားရှင်များက ဟောတော်မူသော မင်္ဂလာတရား(၃၈)ပါးတွင်
“ဂါရဝေါစ နိဝါတောစ သန္တုဋ္ဌီစ ကတညုတာ
ကာလေန ဓမ္မဿဝနံ ဧတံမင်္ဂလမုတ္တမံ” ဟူသော မင်္ဂလာတရားတော်အရ ရှေးရှေးက လူကြီးသူမများသည် နံပါတ်(၁)ဖြစ်သော ဂါရဝမင်္ဂလာကို ဦးစားပေးခဲ့ပုံမှာ မိမိထက် အသက်ဂုဏ်ဝါ ကြီးမြတ်သော သူများအား ရိုသေမှု၊ ကိုင်းရှိုင်းမှု၊ မြတ်နိုးမှု၊ ရှိခိုးမှုများကို ဦးစားပေး၊ အလေးပေး၊ လေးစားခဲ့သည်မှာ ဗုဒ္ဓဘာသာဝင်တို့ အတွက် အလွန်နှစ်သက် ချစ်ခင်ဖွယ်ရာကောင်းသော အမူ အကျင့်များဖြစ်သည်။ ထိုအမူအကျင့်သည် မျက်မြင်မှာလည်း ချစ်ခင်ဖွယ်ကောင်းသည်၊ တမလွန်ဘဝမှာလည်း ကောင်းသော ဂတိသို့ သွားရောက်နိုင်သည်။


ဒါပေမယ့် ယခု ထိုထိုအရာများ တဖြည်းဖြည်း အားလျော့လာတော့သည်။ အားလျော့မှုတွေ အင်အားများ လာပါက အစဉ်အလာ ယဉ်ကျေးမှုတွေ ပျောက်ကွယ်သွားနိုင်ပါတယ်။ ထိုအစဉ်အလာယဉ်ကျေးမှုတွေ ပျောက်ကွယ်သွားပါလျှင် ဘာသာနှင့်လူမျိုးလည်း ပျောက်ကွယ်သွားနိုင်ပါတယ်။ ဗုဒ္ဓဘာသာဝင်တို့သည် “သဗ္ဘိရေဝ သမာသေထ၊ သဗ္ဘိ ကုဗ္ဗေထ သန္ထဝံ
သတံ သဒ္ဓမ္မ မညာယ သေယျော ဟောတိ နပါပိယော” ဟူသော ပါဠိတော်နှင့်အညီ ဘာသာတရားကို လေးစားသူ၊ ရိုသေကိုင်းရှိုင်းသူ၊ အလေးအမြတ်ဆည်းကပ်သူ၊ သူတော်ကောင်းနှင့်သာ ပေါင်းသင်းဆက်ဆံမှုပြုသူ၊ သူတော်ကောင်းတရားကိုသိသူများ ဤသူ-ဤသူများသာ လူမြတ်၊ မယုတ်မာသောသူ ဖြစ်နိုင်သည်။

ယနေ့မြို့မှ ပညာတတ် အယုတ် အလတ် အမြတ်မရွေး လူတော်တော်များများမှ အစပြု၍ ကျေးရွာအဆုံး မြန်မာတစ်နိုင်ငံလုံး လိုလို ဘာသာတရားကို ပစ်ပယ်လာကြသည်ကို ကိုယ်တွေ့ကြုံနေရပါပြီ။ ရှေးက အစပြုခဲ့သည့် ယဉ်ကျေးမှု အဆီအနှစ်ဖြစ်သည့် ဂါရဝတရား ခေါင်းပါးစပြုလာပြီ။ မျက်မြင်ကိုယ်တွေ့ ရေးပြရပါမူ လမ်းမှာတွေ့ရသော အသက်ကြီး၊ ဝါကြီးများကို အသာထား၊ ကိုယ့်အိမ်သို့ ကြွရောက်လာသော သက်ကြီး ဝါကြီး ပုဂ္ဂိုလ်များကို အသာထား၊ ရဟန်းတော်များကိုပင် ဝတ်ချရကောင်းမှန်း မသိ ဖြစ်နေတော့၏။ အားလုံးကိုမဆိုလို၊ ထိုသို့ဖြစ်လာရခြင်းမှာ “အရင်းစစ်တော့ အမြစ်မြေက” ဆိုသလို မိမိတို့၏ ယဉ်ကျေးမှုဖြစ်သော ဗုဒ္ဓဘာသာတရားကို ပစ်ပယ်၍၊ သူတစ်ပါးတို့၏ ယဉ်ကျေးမှုကို အထင်ကြီးလာခြင်းကြောင့်ပင်ဖြစ်တော့သည်။ တံလှပ်ကိုရေထင်၍ ရွှေမသင်အလိုက်မှားနေတာတော့ အတော်ပင် ဝမ်းနည်းစရာကောင်းလေစွ။

“အတ္တာဟိ အတ္တနော နာထော” မိမိကိုယ်သာ မိမိအားကိုးပါ။ သူတစ်ပါးဆိုတာ သူတစ်ပါးပါပဲ။ မိမိဘာသာကို မိမိအားကိုးပါ၊ သူတစ်ပါးဘာသာဆိုတာ သူတစ်ပါးဘာသာပါပဲ၊ မိမိ၏ နောင်တမလွန် အရေးကိုမူ သူတစ်ပါးက ဘယ်လိုနည်းနှင့်မှ လိုက်လုပ်မပေးနိုင်ပါဘူး။ မိမိဘာသာ မိမိယဉ်ကျေးမှု ကို အရေးထားပြီးလေးစားပါမှ၊ ရိုသေထိုက်သူကိုရိုသေပါမှ၊ ဒုစရိုက်တွေကို ရှောင်ကြဉ်ပါမှ၊ ရနိုင်ခဲသော တမလွန် ကောင်းကျိုး အားကိုးရာအစစ်ကို ကိုယ်တိုင်ရနိုင်ပါတယ်။ အရိုအသေပြုအပ်သူကို ရိုသေပါမှ ဘာသာတရားကို လေးစားသူပီသပါတယ်။

ဘာသာတရားကိုလေးစားပါမှ မြန်မာ့ယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းရာရောက်ပါတယ်။ ခေတ်တွေ စနစ်တွေ ဘယ်လိုပြောင်းပြောင်း၊ ဂါရဝေါစ ဟူသော မင်္ဂလာတရားတော်နှင့်အညီ မိမိထက် အသက်ဂုဏ်ဝါကြီးမြတ်သူ ရတနာသုံးပါး၊ မိဘဆရာနှင့် လူကြီးသူမများအား ရိုသေခြင်းတရားကို မပြောင်းစေနဲ့၊ မဟောင်းစေနဲ့၊ တံလျပ်ကို တံလျပ်လို့သာ မြင်၍ ရွှေသမင်အလိုက်မမှားစေနှင့်။
ဗုဒ္ဓဘာသာဖြစ်သည့် လူအစစ်တို့၏ စိတ်ထားမှာ ကိုယ့်ထက် မြင့်မြတ်သူကို ရိုသေဝပ်တွားကြသည်။ ထိုဂါရဝ တရားကို ရှေးလူကြီးသူမ-များ လက်တွေ့ပြုကျင့်ခဲ့ကြသည်။ ရဟန်းတော်များ၊ ကိုရင်များ၊ သက်ကြီးရွယ်အိုများ လမ်းမှာတွေ့ခဲ့ရင်တောင်မှ အရိုအသေပေးကြသည်၊ အရိပ်ကိုပင် မနင်းဝံ့သည်အထိ အရိုအသေပေးကြသည်။ အိမ်ကိုကြွလာပါလျှင်လည်း အိမ်ရှိလူကုန် ဝပ်ချကြသည်။ ထိုမှတဆင့် နိဝါတ၊ သန္တုဋ္ဌီ၊ ကတညုတာ၊ ကာလေနဓမ္မဿဝန စသော မင်္ဂလာတရားများကိုလည်း မဆိုင်းမတွ လက်တွေ့ပြုကျင့်ကြသည်။ဤသည်မှာ မြတ်စွာဘုရာဟော မင်္ဂလာငါးပါးကို လက်တွေ့ပြုကျင့်၍ နောင်တမလွန်အကျိုးစီးပွားကို ရှာယူခြင်းပင်ဖြစ်တော့၏။
ယခုမူကား ခေတ်ပညာသင် စာသင်ကျောင်းများမှအစ ဗုဒ္ဓမင်္ဂလာတရားများ ပျောက်ကွယ်စပြုလေပြီ၊ ငွေကြေး တစ်ပြားမှ ကုန်စရာမလိုဘဲ မွန်မြတ်တဲ့ယဉ်ကျေးမှုနှင့် နောင်ကောင်းကျိုးကို ဧကန်ရနိုင်သည့် ဂါရဝတရားများကို ပစ်ပယ်ထားကြသည်မှာ ဝမ်းနည်းစရာကောင်းလှ၏။ ထိုသို့မဖြစ်ရလေအောင် ရဟန်းတော်များမှ မိမိဒကာ ဒကာမများအား ဂါရဝတရားများလက်ကိုင်ထားနိုင်လာအောင် မိမိကိုယ်တိုင် ရတနာသုံးပါး၊ မိဘဆရာသမားနှင့် သက်တော်ဝါတော်ကြီးမြတ်ကြသော ပုဂ္ဂိုလ်များအား အရိုအသေပေးခြင်းအမှုကို ပြုလုပ်ကြရမည်ဖြစ်ပါတယ်။

ခေတ်ပညာသင်ကြားပေးနေသော ဆရာ-ဆရာမများအနေဖြင့်လည်း မိမိတပည့်များအား ဂါရဝတရားများ လက်ကိုင်ထားချင်လာအောင် မိမိကစ၍ ရတနာသုံးပါး မိဘဆရာသမားများနှင့် သက်ကြီးရွယ်အိုများအား ရိုသေခြင်း၊ ရှိခိုးခြင်းများပြုလုပ်၍ နားလည်သည်အထိ သွန်သင်ဆုံးမပေးရမည်ဖြစ်သည်။ ရက်ကွက်၊ ကျေးရွာ၊ မြို့နယ် အိမ်ရှိ လူကြီးမိဘများအနေဖြင့် မိမိသားသမီးများအား ငွေကြေးတစ်ပြားမှ မကုန်ဘဲ ကုသိုလ်ရနိုင်သည့် ဂါရဝတရားများ တည်ကိန်းလာအောင် မိမိကစ၍ ရတနာသုံးပါး၊ မိဘဆရာသမားများ နှင့် သက်ကြီးရွယ်အိုများအား အရိုအသေပေးခြင်း၊ ရှိခိုးခြင်းပြုလုပ်ကာ သားသမီးများ ဆုံးမပေးရမည်ဖြစ်သည်။
ယခုအခါ အချင်းချင်း အရိုအသေကင်းမဲ့လာပုံများကို အားလုံးလက်တွေ့ပင်ဖြစ်သည်။ အရင်ကနှင့် လုံးဝမတူတော့တာ သေချာ၏။ ဂါရဝမင်္ဂလာတရားများကွယ်ပျောက်အောင်၊ နည်းပါးအောင်၊ ရိုသေလေးစားမှုနှင့် ပတ်သတ်ပြီး ရရှိသည့် ကုသိုလ်တရားကို ပိတ်ပင်ဟာ မည်သူနည်း၊ ရှေးပဝေသဏီက လူကြီးများလိုက်နာကျင့်သုံးခဲ့သည့် ငွေကြေးတစ်ပြားမှ မကုန်ဘဲရနိုင်သည့် ကုသိုလ်များကို လျှစ်လျှူနေသူဟာ မည်သူနည်းဟု သိလိုပါက မှန်တစ်ချပ်ကိုထောင်ပြီးကြည့်လိုက်ပါ။ မှန်ပေါ်မှာ ထင်လာမည့် မျက်နှာရှင်အား ဂါရဝတရားများ ဆက်လက်ကျင့်သုံးလာနိုင်အောင် ဆုံးမပါဟု တိုက်တွန်းလိုက်ရပါတော့သည်။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

Friday, August 29, 2014

“ဗေဒင်ကိုယုံမှာလား ကံကိုယုံမှာလား”



သတ္တဝါတို့မည်သည် ကံသည်သာလျှင် ကိုယ်ပိုင်ဥစ္စာမည်၏။ ကံသာလျှင် အမိ၊ ကံသာလျှင် အဖဖြစ်၏။ မိမိ၏ ကံသုံးပါး(ကာယကံ ဝစီကံ မနောကံ) အပြုအမူများဖြင့်သာ မိမိ၏ ဘဝရုပ်ကို ပုံဖော်ထုဆစ်နေကြခြင်း ဖြစ်ပါသည်။ အသက်ရှည်တာ-တိုတာ၊  အဆင်းလှတာ-မလှတာ  ချမ်းသာတာ-ဆင်းရဲတာ၊ အခြံအရံပေါတာ- အခြံအရံမရှိတာ၊ စတာတွေက မိမိပြုလုပ်သည့် ကံကသာ ထုဆစ်ပုံဖော်ပေးခြင်းဖြစ်ပြီး မည်သည့် တန်ခိုးရှင် ဖန်ဆင်းရှင်ကမှ ထုဆစ်ပုံဖော်ပေးနေခြင်း မဟုတ်။ မိမိ၏ ကံမှတစ်ပါး အားကိုးရာမရှိပါ။ ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဖြစ်လိုသော် ရတနာသုံးတန်နှင့် ကံ၊ ကံ၏အကျိုးမှအပ အခြားအခြားသော ဗေဒင် နက္ခတ်၊ ဂြိုလ်သွား စသည့်အပေါ် ယုံကြည်မှုမရှိရပေ။
 
ဤသည်နှင့် စပ်လျဉ်း၍ ကျေးဇူးရှင် နမ္မားဆရာတော်ဘုရားကြီး၏ အဆုံးအမတော် မှတ်သားနာယူအပ်ပါ၏။

အဟောင်းဘဝနှင့် အသစ်ဘဝ ဖြစ်သမျှဥဿုံ အလုံးစုံကုန်သော သတ္တဝါအနန္တ မှန်သမျှတို့သည် ကံနှင့်သာ တွဲပျော် အဖော်သဟဲ မြဲမြဲခိုင်ခိုင် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိလေကုန်၏။ ကောင်းမကောင်းနှင့် သောင်းပြောင်းများပြား ကံတရားသည် သတ္တဝါအနန္တမှန်သမျှ ဇာတိမသန့်၊ မျိုးယုတ်ညံ့နှင့် သန့်ပြန့်မျိုးနွယ် ဂုဏ်သိန်ကြွယ်၍ တင့်တယ်ပါစေခြင်းအကျိုးငှာ အလိုက်အထိုက် ထိုက်သလိုပင် ပြုပြင်စီမံ ဝေဖန်တတ်လေ၏။ ထို့ကြောင့် မော်တော်ကားစီး၊ တိုက်ကြီးကြီးနှင့် အနည်းနည်းပျော် အဖော်စုံညီ နေချင်သည်ဟု ကြံစည်စိတ်ကူး ဘဝင်မြူးသဖြင့် တောင်းတိုင်းမရ၊ တတိုင်းမပေါ်၊ အကြံချော်သဖြင့် အမျှော်စွမ်းဟုန် မပြည့်စုံဘဲ ရှိကြကုန်သည်သာလျှင်တည်း။

ကဲ-ဘယ်မှာလဲကွယ် နဂါးခံတွင်းကျရင် ပျက်စီးတတ်တယ်လို့လည်းမပါ။ မသာကို စုံချရင် တစ်လောင်းနဲ့ ကိစ္စမပြီးတတ်ဘူးလို့လည်း မပါ။ အိမ်တိုင်ထူကာ နက္ခတ်မကောင်းရင် ပျက်စီးတတ်တယ်လို့လည်း မပါ၊ မင်္ဂလာဆောင်တာ ရက်မရွေးမိလို့ ပျက်စီးရတယ်လို့လည်းမပါ၊ ဓမ္မာသောက အင်းဝရာဇကျလို့ ပျက်စီးတာလည်းမပါ၊ သားဦးစနေ မီးလိုမွှေဆိုတာလည်း မပါ၊ တနင်္ဂနွေ ၊ တနင်္လာ၊ အင်္ဂါ ဆိုတာတွေဟာလည်း ပညတ်သင်္ကေတတွေပဲ၊ လူကို ကောင်းအောင် ဆိုးအောင် မလုပ်နိုင်ပါဘူး။ ကုသိုလ်ကံကသာ ကောင်းအောင် လုပ်နိုင်၍ အကုသိုလ်ကံက မကောင်းအောင် လုပ်နိုင်နိုင်တယ်။ ဒီတော့ အကုသိုလ်ဆိုရင် မြွေဆိုးကင်းဆိုးကဲ့သို့ ကြောက်လန့်ပြီး ကုသိုလ်ကို ဣစ္ဆာသယပတ္ထမြားကဲ့သို့ သဘောထားကာ အားကိုးကြမှ “ဓမ္မံ သရဏံ ဂစ္ဆာမိ” မှာ မဟုတ်လား။ အခုတော့ အကုသိုလ်ကံ လုပ်မယ်ဆိုရင် အလွန်ပျော်၊ ကုသိုလ်လုပ်မယ်ဆိုရင် အလွန်ပျင်း၊ ကြောက်တာက ဓမ္မာသောက အင်းဝ ရာဇာကိုး၊ ဘယ်မှာ ဂစ္ဆာမိမှာလဲကွယ်၊ ဥသာစိန်ပန်းကြောင့် မိန်းမဆိုးတွေနဲ့ ညားကြတဲ့ ယောက်ျားတွေဟာလည်း မနည်းကြပါဘူး။ (ကျေးဇူးရှင် နမ္မားဆရာတော်ဘုရားကြီး)
မှတ်ချက်။         ။ မင်းနန်(မော်ကျွန်း)၏ ဆရာတော်ကြီးများ၏ သြဝါဒပေါင်းချုပ်မှ ကောက်နှုတ်ပူဇော် ဖြည့်စွက်ရေးသားသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ ကောင်းကျိုးလိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

Popular Posts

အကြံပြုစာ ရေးရန်