ကျောင်းကုန်းမြို့နယ် ကညင်ကုန်းရွာ ပရဟိတအလှူ မှတ်တမ်းတင်ဓာတ်ပုံများ

Wednesday, March 28, 2012

လူ့ဘဝ အပြန်ခရီး

လူမှန်သမျှ နေ့ရက်စေ့က သေရဦးမည်သာ။ စီးပွားရှာ လူ့ရွာမှာ ခေတ္တနေပြီးသော်ကား ပြန်ရမည်သာတည်း။ ထိုလူသား-လူဖြစ်စဉ်ကာလ လူ့ဘဝမှာ လိုရာဟူသမျှ ဆွတ်ယူနိုင်ပါတယ်။

ဒါနဖြင့် အမွေယူ၍ လူ့ဘဝ၊ နတ်ဘဝစီးပွားဖြစ် ဒါနအထုပ်မြှပ်နိုင်ပါတယ်။

သီလဖြင့် အမွေယူ၍ လူ့ဘဝ နတ်ဘဝနှင့် စည်းစိမ်ကို ဖန်တီးနိုင်ပါတယ်။

ဈာန(ဈာန်) ကုသိုလ်ဖြင့် အမွေယူ၍ ဗြဟ္မာဘဝ၊ ရိက္ခာထုပ် မြှုပ်ခွင့် အပြည့်ရှိပါတယ်။

ဥာဏ(ဝိပဿနာဥာဏ်) ကုသိုလ်ဖြင့် အမွေယူ၍ အရိယာဘဝ ရိက္ခာဓမ္မကို မြှုပ်ခွင့်ရှိပါတယ်။

ထိုသို့ အခွင့်ကောင်း စီးပွားများကို မကြိုးစားလိုပြီး၊ပေါ့ပေါ့နေ၊ ပေါ့ပေါ့စား၊ အာရုံတွေနောက် စိတ်ကောက်ကောက်ပါကာ စိတ်အလိုလိုက် စိတ်အကြိုက် လုပ်နေသော်ကား သေရွာပြန် မျက်နှာပန်းမလှ အောက်ကျနောက်ကျ ဘဝဖြင့် ပြန်ရပေမည်။

လူဘဝတွင် မွေးသည်မှစ၍ အသက်နှစ်ဆယ့်ငါးနှစ်ထိတော့ ဘဝနေ့တစ်နေ့ရဲ့ နံနက်ပိုင်းဖြစ်သည်။ လန်းဆန်းတဲ့အရွယ် တတ်ကြွတဲ့အရွယ်၊ ဖြစ်တယ်။ မွေးစကတော့ အမေ့ရင်ခွင်ကြား ဆော့ကစားရင်း တီတီတာတာ စကားပြောကြားရင်း စာပေပညာသင်ကြားရင်းနဲ့ အချိန်ကုန်တယ်။ ၁၅-နှစ်မှ ၂၅နှစ်လောက် အတွင်း ရောက်တော့ ထားရာမနေ စေရာမသွား စိတ်ကစားလျှက် အာရုံဆွဲရာ နောက် အစွဲတောက်လျောက်ပါ။ ကြင်ယာကြင်ဖက် အရှာထွက်ကြတယ်။ သူဖျက်…ကိုယ်ဖျက် ရာဂသွေးပွက် အိမ်ရာထောင်လျက် အိမ်သည်ပင် ထောင်အဖြစ်နဲ့ ကျခဲ့ရတယ်။

အိမ်ထောင်ကျလျက် အပူတက်လာသည်ကိုပင် အပူမထင်ဘဲ ငါပေါ်ငါတင် ရှေ့သို့ပင် အားသစ်တင်လျက် တစ်နံနက် ပြီးခဲ့ရတယ်။ အိမ်ထောင်ကျအဖြစ် ခံစားရသည်ကိုပင် မင်္ဂလာဟုဆိုကြသေးတယ်။ အပြစ်ရှိသူတို့၏ ဒဏ် ကျခံရာအိမ်နေရာကို “သီရိဂေဟာ” ဟုတင်စားကြသေးတယ်။ အသက်(၂၅)မှသည် (၅၀) အထိကတော့ ဘဝတစ်နေ့၏ နေ့လည်ပိုင်းဖြစ်တယ်။ အပူပြင်းဆုံးသော နေရဲ့ဒဏ်ကို ခံရခြင်းဖြစ်တယ်။ ကာမစစ်ပွဲ၊ ဓနစစ်ပွဲ၊ ဆင်နွှလျက် သားအတွက်၊ သမီးအတွက် ရတက်မီးပွက်နေရတယ်။ အပူမီးက ငယ်ထိပ်ရောက်နေရတယ်။

ရှာဖွေခဲ့သည့် ပစ္စည်းနှင့် သားသမီးမျာိးု ချွေးမနှင့်သားမက်လက်သို့ အပ်ခဲ့ရသော်လည်း မြှော်လင့်ချက်က တစ်ဖန် အကြံကြီးပြန်တော့ ဥာဏ်နီဥာဏ်နက် စီးပွားရေးဘဏ်လီမိတက် တည်ထောင်လျက်က ရတက်မအေး ဖြစ်ရတယ်။

သားသမီးတို့အတွက် ပံ့ပိုးလျက် ငါ့မြေး ငါ့မြစ် အဘိုးချစ် အဘွားချစ်တို့အတွက် မျှော်လင့်လျှက် ဝ တစ်လုံး ဖျက်တော့ နှလုံးပေါ်၊ ဒုက္ခအပေါ်မှာသောကဆင့် အပူမီး မြင့်ခဲ့ရတယ်။

အသက်(၅၀)မှ (၇၅)နှစ်အထိ ကာမစစ်၊ ဓနစစ်၊ မြေးမြစ်တို့၏ ပူချစ်တဲ့မီး လောင်ကျွမ်းပြီးလျှင် သား သမီးအရိပ် ခိုဝင်အိပ်ဖို့ စိတ်ပုတီးလွယ်ချိတ် သောကစိတ်ဖြင့် အိပ်မရ စားမရ ပုတီးချ မြေးမ ချွေးမ သားမက် မျက်နှာကြည့် လျက်က မတည့်အတူနေ၊ အတူနေ မတည့် စိတ်ထွက်တိုင်း ကိုယ်မပါ။ အပိုပါကလား စဉ်းစားလျက်တစ်ဖုံ “ဟင်း” ချမျိုးစုံလျက် ငယ်ကအကြောင်း ပြန်ပြောင်းသတိရ ငယ်မူပြန်ဘဝဖြင့် မြေး မြစ်တို့အကြား ဆော့ကစားလျက် တဟားဟားဖြင့် အမှောင်ကားကျ ရွှေလမသာ ဖြစ်ရရှာတယ်။

ဤအချိန်ကား ပင်ပန်းနွမ်းနယ်စွာဖြင့် တဖြည်းဖြည်း နေဝင်မိုးချုပ် လက်တွဲဖြုတ်ရသည့် အချိန်ဖြစ်ပါတယ်။ နေဝင်မိုးချုပ် လက်တွဲဖြုတ်ရသည့် အချိန်ဖြစ်တယ်။ နေဝင်သော်ကား အလင်းရောင် မပါလျှင် အမှောင် သွားရမယ့်အချိန်ဖြစ်တယ်။

ဆက်လက်ရေးသားပါဦးမည်။

မှတ်ချက်။ ။ ဗုဒ္ဓေါရသ- အရှင်ဣန္ဒာစရိယ၏ အဆုံးအမ။

စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

2 comments:

  1. ပိုစ့်လေးဖတ်ခဲ့တယ် ဦးဇင်း
    ရောက်ခဲ့ပါကြောင်း

    ReplyDelete
  2. သံဝေဂ ယူသွားပါတယ် ဘုန်းဘုန်း
    ကျေးဇူးတင်ပါတယ် သတိပေးပိုစ့်လေးအတွက်

    ReplyDelete

Popular Posts

အကြံပြုစာ ရေးရန်